Wednesday, August 5, 2015
ဆုံနိုင်ခွင့် နှင့် ဘဝသံသရာအကြောင်း သိကောင်းစရာများ
ဆုံနိုင်ခွင့် နှင့် ဘဝသံသရာအကြောင်း
သိကောင်းစရာများ
******************************
by ဓမ္မရနံ့
ဘဝသံသရာဆိုတာ အလွန်ပဲ ကြောက်မက်ဖွယ်ကောင်းလှပါတယ်။ ဘဝတစ်ခုမှာ လင်မယား တော်စပ်ပေမယ့် တခြားဘဝတစ်ခုမှာတော့ မောင်နှစ်မ ဖြစ်ချင်ဖြစ်ကြရပါတယ်။ မိဘ၊ သားသမီး တော်ခဲ့ဖူးသူလည်း လင်မယား တော်ရင်တော်ကြရပြန်ပါတယ်။
ဘဝတစ်ခုတည်းမှာသာဆိုရင်တော့ အလွန်ကို ကဲ့ရဲ့စက်ဆုပ်ဖွယ်ရာကြီးပါ။ ဒါပေမယ့် ဘဝဆိုတဲ့ နံရံတစ်ခုက ခြားကွယ်ထားတဲ့အခါကျတော့ မိမိတို့အနေနဲ့ ဘာကိုမှ သတိမရ သံဝေဂမရနိုင်တော့ဘဲ ပျော်ပျော်ပါးပါးကြီး ခံစားစံစားမိကြပါတယ်။
ဒီဘဝတစ်ခုတည်းကိုပဲ ဘဝထင်ပြီး လက်ရှိဆုံတွေ့ရသူတွေအပေါ်မှာပဲ အတင်းရစ်ပတ်နှောင်ဖွဲ့ သံယောဇဉ်ကြီးကြပါတယ်။
''သံသာကမ်းတိုင် တူယှဉ်ပြိုင် ကူးမယ်'' လို့ ရည်ရွယ်ပြီး ''ဒီလင်၊ ဒီမယား၊ ဒီသား၊ ဒီသမီးတို့နဲ့ ဘဝဆက်တိုင်း ဆုံတွေ့ရပါလို၏'' စသည်ဖြင့်
''ဒီ…၊ ဒီ…၊ ဒီ… ချင်းထပ်အောင်'' ဆုတွေတောင်းကြပါတယ်။
တချို့များ နိဗ္ဗာန်မရောက်မချင်း ဆိုတာတောင်မှ ပါလိုက်ပါသေးတယ်။ တော်တော်လည်း အစွဲအလမ်းကြီးကြပါတယ်နော်။
အတိတ်အတိတ်ဘဝတွေက (တခြားလူတွေနဲ့) အကြိမ်ကြိမ်အခါခါ ရွတ်ခဲ့ဖူးတဲ့ ဆုတောင်းတွေ၊ ထားခဲ့ဖူးတဲ့ သစ္စာတွေကိုများ ပြန်ကြားယောင်နိုင်စွမ်းရှိရင် (ငယ်တုန်းက အကြောင်းအရာတွေကို ကြီးမှပြန်တွေးမိရင် ပြုံးဖြစ်သလိုမျိုး) ပြံုးရုံပဲ ပြံုးမိမလား၊ ၀ါးလုံးကွဲပဲ ရယ်ချမိမလား။
သေချာတာကတော့… ငါ့နှယ်.. အခုမှ တကယ်ချစ်ခင်တွယ်တာမိတာကို အဲဒီ့တုန်းက ဘာလို့များ ဆုတောင်းမိပါလိမ့်ဆိုတဲ့ အတွေးဝင်မှာပါပဲ။ သံဝေဂတော့ မရလောက်ပါဘူး။ ဘယ်သူပဲဖြစ်ဖြစ် လက်ရှိဒဏ်ရာကိုပဲ အနာဆုံး ထင်တတ်ကြတာပါ။
သတ္တဝါတွေရဲ့ စေတနာကံဆိုတာ တစ်ဦးနဲ့တစ်ဦး ထပ်တူဖြစ်ဖို့ အလွန်ပဲ ခဲယဉ်းလှပါတယ်။ ဒါ့ကြောင့် သတ္တဝါအနန္တနဲ့ နှိုင်းစာရင် အတူတူ သေရသူ ရှားပါတယ်။ တစ်ချိန်တည်း သေသူရှားသလို နောက်ဘဝမှာလည်း လူစသည် အတူတူပြန်ဖြစ်ဖို့ ခဲယဉ်းလှပါတယ်။
''ငှက်ဖြစ်ရင်လည်း တစ်ကိုင်းတည်းနား''
ချင်သူများအတွက် ရိုးရိုးငှက်နဲ့ ဇောက်ထိုးနေတဲ့ လင်းဆွဲငှက်ဖြစ်နေရင် အဆင်ပြေနိုင်ပါ့မလား။ ငှက်တော့ ဖြစ်ပါရဲ့။ ဒါပေမယ့် ငှက်ကြီးဝန်ပိုနဲ့ နှံပြည်စုတ်ငှက် ဖြစ်နေကြရရင်ရော…?။
သတ္တဝါတွေ ဘဝရချိန် ကွာခြားသလောက် အသက်အရွယ်စတာတွေလည်း ကွာခြားနိုင်ပါတယ်။ ဇနီးမောင်နှံ မဖြစ်နိုင်တဲ့ အခြေအနေတွေလည်း ဖြစ်နိုင်ပါတယ်။ ဥပမာ- ကညာပျိုနဲ့ ဇရာအို ဖြစ်နေတာတို့၊ တစ်မိသားစုတည်း ဖြစ်နေတာတို့၊ ယောကျ်ားအတူတူ ဖြစ်နေတာတို့၊ မိန်းမအတူတူ ဖြစ်နေတာတို့ စတာတွေပါ။
တွယ်မိတွယ်ရာ တွယ်တတ်တဲ့ နွယ်ရိုင်းနဲ့တူတဲ့ ''တဏှာ''ဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဒီဘဝ ဒီမိသားစုကို တွယ်သလို နောက်ဘဝ နောက်မိသားစုကို ထပ်တွယ်ချင်ပြန်ပါတယ်။ အရင်ဘဝ အရင်မိသားစုကိုလည်း တွယ်ခဲ့ပြီးပါပြီ။
နီးစပ်ရာကို တွယ်ပါတယ်။ မဖြေမလွှတ်ချင်၊ မြဲမြံစွာ တွယ်ပါတယ်။ သံသရာပါအောင် တွယ်ချင်ပါတယ်။ စွဲလမ်းမှုကို မလွှတ်ချင်ပါဘူး။ ဒါ့ကြောင့်လည်း နိဗ္ဗာန်မရမချင်းဆိုတဲ့ ဆုတောင်းတွေ ဖြစ်လာရတာပါ။
တဏှာရဲ့ တန်ခိုးကြောင့်လည်း ကိုယ့်စိတ်ကိုယ် ဒဏ်ရာရမှန်းမသိ အရခံပြီးတော့ကို သံယောဇဉ်ကြီးမိကြပါတယ်။ ကြင်နာတာတွေ၊ နာကျင်တာတွေ... ဆိုတာ တဏှာရဲ့ အစွယ်တွေပါ။ ကိုယ်မှာ ဒဏ်ရာမရှိမှ ကိုယ်စွမ်းအားပြည့်ပြီး ရန်တွေကို နှိမ်နင်းနိုင်သလို စိတ်မှာလည်း ဒဏ်ရာမရှိမှသာ စိတ်စွမ်းအားပြည့်ပြီး ကိလေသာရန်တွေကို နှိမ်နင်းနိုင်ပါမယ်။
တဏှာကို ရဟန္တာဖြစ်မှသာ အကြွင်းမဲ့ ပယ်သတ်နိုင်မှာဖြစ်လို့ မိမိတို့အနေနဲ့ကတော့ ထိထိမိမိကြီး အကိုက်မခံရအောင်သာ သတိနဲ့ ကြည့်ရှောင်နေဖို့ပါပဲ။
ပြန်ကိုဆုံချင်ပါသေးတယ် ဆိုသူများအဖို့ ဆုတောင်းစရာ မလိုတဲ့၊ စိတ်ထင့်စရာ မလိုတဲ့၊ ဒဏ်ရာမပေးတဲ့၊ အန္တရာယ်ကင်းတဲ့၊ သေချာပေါက် ပြန်ဆုံနိုင်တဲ့ နည်းရှိပါတယ်။
ဘဝတိုင်း ဆုံတွေ့နိုင်စရာ အကြောင်း(၄)ချက်ရှိတယ်လို့ နကုလပိတာနှင့် နကုလမာတာတို့ကို ဗုဒ္ဓရှင်တော် ဟောဖော်မိန့်ကြားခဲ့ပါတယ်။
(၁) တူညီတဲ့ သဒ္ဓါတရားရှိခြင်း၊
(၂) တူညီတဲ့ သီလရှိခြင်း၊
(၃) တူညီတဲ့ ပေးကမ်းစွန့်ကြဲမှုရှိခြင်း၊
(၄) တူညီတဲ့ ဉာဏ်ပညာရှိခြင်း တို့ပဲ ဖြစ်ပါတယ်။
ဒီအကြောင်းတွေနဲ့ ပြည့်စုံရင် ဘဝတိုင်း ဆုံနိုင်ပါတယ်။ ပြောင်းပြန်ကြည့်ရင် ဒီအကြောင်းတွေ ချို့တဲ့ရင်တော့ ဘယ်လောက်ပဲ သစ္စာပန္နက်ရိုက်ရိုက်၊ ဆုတွေတောင်းတောင်း မဆုံတွေ့နိုင်ဘူးဆိုတဲ့ အဓိပ္ပါယ်ရပါတယ်။
တစ်စက္ကန့်မှာ ကုဋေတစ်သိန်းခန့် ဖြစ်ပျက်နေတဲ့ စိတ်စေတနာတွေဆိုတာ တစ်ဦးနဲ့တစ်ဦး အခါခပ်သိမ်း မတူနိုင်ပါဘူး။ ဒါ့အပြင် နောင်ဘဝ ပဋိသန္ဓေကို အကျိုးပေးနိုင်တဲ့ ကံဆိုတာကလည်း ယခုတစ်ဘဝတည်းမှာ ပြုလုပ်တဲ့ ကံတွေချည်း မဖြစ်နိုင်ပါဘူး။
ဘဝဘဝက ပြုလုပ်ခဲ့တဲ့ အဆိုး၊ အကောင်း ကံပေါင်းများစွာကလည်း ရှိနေပါသေးတယ်။ အခွင့်သာရင် သာသလိုလည်း ၀င်ပြီးအကျိုးပေးနေကြပါတယ်။
ဒီလိုဆိုတော့ ပုထုဇဉ်တွေအတွက် ဘာမှထောက်တည်ရာမရ၊ ကံပစ်ချရာ မျောနေကြရတဲ့ ဘဝပင်လယ်ကြီးမှာ မိမိတို့အနေနဲ့ တဏှာရဲ့ ဖြားယောင်းမှုကြောင့်သာ အကြောက်အလန့်မရှိ ဆုတွေတောင်းပြီး မိုက်မိုက်ကန်းကန်း ကျေကျေနပ်နပ်ကြီး ကျင်လည်ချင်နေကြတာပါ။
ဗျာဒိတ်ခံပြီးချိန်ကစပြီး နိဗ္ဗာန်ရမယ့် နောက်ဆုံးဘဝအထိ လက်တွဲခဲ့ကြတဲ့ ဘုရားလောင်း သိဒ္ဓတ္ထမင်းသားနဲ့ ယသောဓရာ၊ အရှင်မဟာကဿပလောင်း ပိပ္ပလိလုလင်နဲ့ ဘဒ္ဒကာပိလာနီ (သူတို့နှစ်ယောက် လမ်းခွဲလိုက်ကြတဲ့အခါ ကမ္ဘာမြေကြီးကတောင် ဝမ်းနည်းလွန်းလို့ တုန်လှုပ်သွားခဲ့ပါသေးတယ်) တို့တောင်မှ အသချေင်္ ကမ္ဘာချီတဲ့ ဘဝတွေမှာ သူတို့တွေ တွေ့ဆုံ ပေါင်းသင်းကြရတဲ့ ဘဝတွေက အလွန်ဆုံး ရာ၊ထောင်ခန့်ပဲ ရှိပါတယ်။ မတွေ့မဆုံ၊ မပေါင်းသင်းခဲ့ရတဲ့ ဘဝတွေက မရေမတွက်နိုင် များစွာပါ။
ဒီတော့… ဗုဒ္ဓရဲ့ စကားတော်ဆိုတာ မှားရိုးထုံးစံ မရှိပါဘူး။ ပြန်ဆုံကြောင်းတရားတွေနဲ့ ပြည့်စုံရင် ပြန်ဆုံဖို့ ဆုတောင်းစရာမလိုပါဘူး။ အလိုလိုကို ပြန်ဆုံရမှာပါ။ ''နိဗ္ဗာန်မရမချင်း သံသရာ ခရီးတစ်လျှောက် ထာဝရ လက်တွဲနိုင်ရပါလို၏။
နောင်ဘဝဆက်တိုင်းမှာလည်း ဒီလင်၊ ဒီမယား အဖြစ်နဲ့သာ ပေါင်းသင်းနိုင်ရပါလို၏' စတဲ့ ဆုတောင်းတွေဟာ မဖြစ်နိုင်တဲ့ အခြေအနေတွေမှာ ဒုက္ခရောက်ရတတ်ပါတယ်။
အဆိပ်အတောက်မကင်းတဲ့ ဆုတောင်းတွေ ဖြစ်လို့ သတိထားသင့်ပါတယ်။ ဒါ့ကြောင့် သံသရာ ဝဋ်ဒုက္ခက မလွတ်နိုင်သေးသမျှ ဘဝဆက်တိုင်း "ဆုံနိုင်ခွင့်"ကို မျှော်လင့်ကြသူများအဖို့ ဆုတောင်းမမှားမိစေဖို့၊ ပြန်ဆုံကြောင်းတရားတွေကိုပဲ ဖြည့်ဆည်းနိုင်ကြစေဖို့၊ ဆုတောင်းမှားခဲ့ကြသူများကိုလည်း သင်ခန်းစာ ယူနိုင်ကြစေဖို့ ရည်ရွယ်ရင်း…..။
ဆုံနိုင်ခွင့်...
Author: Dhamma Yanant
dhammaweb
မှတဆင့်ဓမ္မဒါနကူးယူတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီး အသိတရားများရယူနိုင်ကြ
ပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန််အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့့််ကုသိုလ်ယူနိုင်ကြ
ပါသည်ခင်ဗျာ)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment